ကမ္ဘာကို ဥက္ကာပျံတွေ အန္တရာယ်က ကာကွယ်ပေးမယ့် ကာကွယ်ရေး စနစ်


အမေရိကန် ပြည်ထောင်စု နာဆာ အာကာသ အေဂျင်စီ နဲ့ ကမ္ဘာကျော် ဂျွန်ဟော့ကင်း တက္ကသိုလ် အသုံးချ ရူပဗေဒ ဌာန ( Johns Hopkins Applied Physics Laboratory (APL)) တို့ ပူးပေါင်းပြီး ကမ္ဘာဂြိုလ်ကို ပြင်ပက အန္ထရာယ် ပြုလာမယ့် ဥက္ကာပျံ ဥက္ကာတုံး တွေရန်က ကာကွယ်ရေး စနစ် တစ်ရပ်ကို သုတေသနပြု တီထွင်လျက် ရှိပါတယ်။ ဒီသုတေသနကို  Double Asteroid Redirection Test (DART) လို့ အမည်ပေးထားပါတယ်။

ဒီ သုတေသနမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေက နာဆာရဲ့ ဂျက်တွန်းကန်မှု သုတေသန ဓါတ်ခွဲခန်း (Jet Propulsion Laboratory)၊ ဂေါ့ဒတ် အာကာသပျံသန်းရေး ဗဟို ဌာန (Goddard Space Flight Center)၊ ဂျွန်ဆန် အာကာသ ဗဟိုဌာန (Johnson Space Center)၊ ဂလန် သုတေသန ဗဟိုဌာန (Glenn Research Center) နဲ့ လန်ဂလေ သုတေသန ဗဟိုဌာန (Langley Research Center ) တို့ပဲ ဖြစ်ပါတယ်။

ဒီ DART သုတေသနဟာ ကမ္ဘာဂြိုလ်ကို အာကာသက ဥက္ကာပျံတွေ ပျံသန်းဝင်ရောက်လာပြီး တိုက်မိခြင်းကနေ ကာကွယ်နိုင်မယ့် ကာကွယ်ရေး စနစ်တွေကို လေ့လာ သုတေသန ပြုမယ့် သုတေသန စီမံကိန်း ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ DART သုတေသန စီမံကိန်းဟာ Kinetic Impactor နည်းပညာကို အသုံးပြုပြီး ဥက္ကာခဲတွေကို လမ်းကြောင်းပြောင်းမယ့် နည်းလမ်းကို ပထမဆုံး လက်တွေ့ အကောင်အထည် ဖော်မယ့် စီမံကိန်းလဲ ဖြစ်ပါတယ်။ Kinetic Impactor ဆိုတာကတော့ အရှိန်နှုန်း မြင့်မားတဲ့ ဒုံးပျံနဲ့ ဒီ ဥက္ကာပျံကို ဝင်တိုက်ပြီး ဥက္ကာပျံရဲ့ လမ်းကြောင်း ကို လွဲသွားအောင် လုပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ (အသေးစိတ် အောက်တွင် ရှင်းပြထားပါတယ်)

ဥက္ကာပျံ ကာကွယ်ရေး DART ဂြိုလ်တု

ဥက္ကာပျံ ကာကွယ်ရေး DART ဂြိုလ်တု (Photo: NASA)

ယခုလက်ရှိမှာ DART သုတေသန စီမံကိန်းဟာ အဆင့် ၃ (Phase C) ကို ရောက်ရှိလို့ နေပါပြီ။ ဒီအဆင့်က တကယ် အာကာသထဲ လွှတ်တင်ခြင်း မပြုမီ နောက်ဆုံး စမ်းသပ်တဲ့ အဆင့် ဖြစ်ပါတယ်။ ပြောရရင်တော့ အတော်လေးကို ခရီးရောက်နေပြီလို့ ပြောလို့ ရပါတယ်။

ဒီ Kinetic Impactor ဒုံးကျည်နဲ့ ပစ်လွှတ်စမ်းသပ်မယ့် ဥက္ကာပျံ ကိုလဲ ရွေးချယ် ထားပြီးပါပြီ။ လောလောဆယ် ရွေးချယ် ထားတဲ့ ဥက္ကာပျံ ကတော့ ကမ္ဘာနဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိနေတဲ့ near-Earth asteroid (65803) Didymos ပဲ ဖြစ်ပါတယ်။ ဒိုင်ဒီမိုစ့် လို့ ခေါ်တဲ့ ဒီဥက္ကာပျံဟာ ဥက္ကာခဲ နှစ်ခဲ နဲ့ ဖွဲ့စည်းထားတဲ့ ဥက္ကာပျံ ဖြစ်ပါတယ်။ ပင်မ ဥက္ကာပျံက အချင်း ၇၆၀ မီတာရှိတဲ့ ဥက္ကာပျံကြီး ဖြစ်ပါတယ်။ သူ့ကို ဝန်းရံပြီး ပတ်နေတဲ့ (လပိစိလေး Moonlet) ကတော့ အချင်း ၁၆၀ မီတာရှိတဲ့ ဥက္ကာပျံလေး ဖြစ်ပါတယ်။ ဒီအရွယ် ဥက္ကာပျံတွေ ကမ္ဘာပေါ် ကျရောက်လာရင် အလွန် ဆိုးရွားတဲ့ အန္တရာယ် တွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒီ ဥက္ကာပျံ စုံတွဲကို ကမ္ဘာကနေ အသေးစိတ် သေချာ လေ့လာခဲ့တာ ကြာပါပြီ။ သူ့ရဲ့ အရွယ်အစား၊ ဒြပ်ထု၊ အမြန်နှုန်း၊ သွားရာ လမ်းကြောင်းနဲ့ ဦးတည်ချက် အစရှိတာတွေကို အသေးစိတ် မှတ်တမ်းတင် ခဲ့ပါတယ်။

ဥက္ကာပျံ ကာကွယ်ရေး DART ဂြိုလ်တုကို သရုပ်ဖော်ထားပုံ

ဥက္ကာပျံ ကာကွယ်ရေး DART ဂြိုလ်တုကို သရုပ်ဖော်ထားပုံ (Photo: NASA)

DART အာကာသယာဉ်ဟာ ဒီ ဥက္ကာပျံ လမ်းလွှဲအောင် လုပ်ဆောင်မှုကို ဒီ ဒိုင်ဒီမို့စ် ဥက္ကာပျံ ကြီးကို ဝန်းရံပြီး ပတ်နေတဲ့ အရံ လပိစိ လေးကို အရှိန်ပြင်းပြင်း ဝင်တိုက်ပြီး လမ်းကြောင်းပြောင်းအောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီလို ဝင်တိုက်တဲ့ အခါမှာ တစ်စက္ကန့်ကို အမြန်နှုန်း ၆.၆, ကီလိုမီတာ အရှိန်နဲ့ ဝင်တိုက်ရမှာပါ။ ဒီ ဝင်တိုက်တာကို ထိန်းသိမ်းလမ်းညွှန်ဖို့ ယာဉ်ပေါ်ပါတဲ့ ကင်မရာနဲ့ လမ်းကြောင်းထိန်း ကွန်ပြူတာ တို့ရဲ့ အကူအညီနဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒီလို အရှိန်နဲ့ ဝင်တိုက်လိုက်တဲ့ အခါ ဝင်တိုက်တဲ့ ယာဉ်ရဲ့ ရွှေ့လျားမှုကြောင့် ဖြစ်လာတဲ့ အရွှေ့စွမ်းအင် ( Kinetic Energy) ကြောင့် ဥက္ကာခဲလေးရဲ့ ပတ်နေတဲ့ အရှိန်ဟာ ၁% လောက် ပိုမြန်လာမှာ ဖြစ်ပါတယ်။ ဒီလောက်လေး ပိုမြန်လာတာ ဘာမှ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီလို မြန်လာတဲ့ အတွက် ဒီ လပိစိလေးက ဥက္ကာပျံကြီးကို တစ်ပတ်ပတ်ဖို့ ကြာတဲ့ အချိန်လဲ ပိုတိုတောင်း လာပါတယ်။ ဒီလို တိုတောင်းလာတဲ့ အချိန်ကို ကမ္ဘာမြေပေါ်ကနေ နက္ခတ်ကြည့် မှန်ပြောင်းတွေနဲ့ လေ့လာပြီး မှတ်တမ်းတင်မှာ ဖြစ်ပါတယ်။ (အခု ပျံသန်းစမ်းသပ်မှုက ဒီ ဥက္ကာပျံကို လမ်းကြောင်းပြောင်းသွားအောင် လုပ်ဖို့ မဟုတ်ပဲ ဒီနည်းပညာကို လက်တွေ့ အသုံးချလို့ ရတယ် ဆိုတာကို သက်သေပြ နိုင်ဖို့ပဲ ဖြစ်ပါတယ်။)

ဒီ DART အာကာသယာဉ်ကို အာကာသထဲ ပျံသန်းနေချိန် လောင်စာဆီ သက်သာအောင် နေစွမ်းအင်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီအတွက်လဲ နေရောင်ခြည်က လျှပ်စစ်ထုတ်ဖို့ ဆိုလာပြားတွေ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ နောက်ပြီး အာကာသထဲ ခရီးသွားဖို့အတွက် လျှပ်စစ်စွမ်းအင်သုံးတဲ့ ဒုံးပျံစက်တွေ ကိုလဲ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒီယာဉ်မှာ နာဆာက တီထွင် ထုတ်လုပ်တဲ့ NASA Evolution Xenon Thruseer နေစွမ်အားသုံး ဒုံးအင်ဂျင်တွေကို ပထမဆုံး တပ်ဆင် အသုံးပြုမှာ ဖြစ်ပါတယ်။

ဥက္ကာပျံ ကို ဝင်တိုက်ပြီး စမ်းသပ်မယ့် ပုံစံကို သရုပ်ပြထားပုံ

ဥက္ကာပျံ ကို ဝင်တိုက်ပြီး စမ်းသပ်မယ့် ပုံစံကို သရုပ်ပြထားပုံ (Photo: NASA)

ဒီ အာကာသ ယာဉ်ကို လာမယ့်လ နိုဝင်ဘာလ ၂၄ ရက်မှာ အာကာသထဲ လွှတ်တင်ဖို့ လျှာထားပါတယ်။ ဒီ ယာဉ်ကို ကာလီဖိုးနီးယား ပြည်နယ် ဗင်ဒင်ဘာဂ် လေတပ်စခန်း (Vandenberg Air Force Base) ကနေပြီး SpaceX Falcon 9 ဒုံးယာဉ် နဲ့ အာကာသထဲကိုလွှတ်တင်မှာ ဖြစ်ပါတယ်။ ရည်မှန်းချက် ဖြစ်တဲ့ ဥက္ကာခဲဆီကို ရောက်ဖို့က အချိန် တစ် နှစ်လောက် ကြာမှာ ဖြစ်ပါတယ်။ ခန့်မှုန်းချက်အရ ဒီ ဒိုင်ဒီမို့စ် ဥက္ကာပျံ ဆီကို လာမယ့် ၂၀၂၂ ခုနှစ် စက်တင်ဘာ လလောက််မှာ ရောက်ရှိဖို့ ရည်မှန်းထားပါတယ်။ ဒီအချိန်မှာ ဒိုင်ဒီမို့စ် ဥက္ကာပျံ စုံတွဲဟာ ကမ္ဘာကနေ ကီလိုမီတာ ၁၁ သန်း အကွာအထိ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီအကွာအဝေးမှာ ကမ္ဘာက နက္ခတ်ကြည့် မှန်ပြောင်းတွေ၊ ရေဒါတွေနဲ့  အာကာကယာဉ်နဲ့ ဝင်တိုက်လို့ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို ထောက်လှမ်းကြည့်ရှု မှတ်တမ်းတင် နိုင်မှာ ဖြစ်ပါတယ်။ 

ဒီ သုတေသန စီမံကိန်းဟာ ကမ္ဘာမြေရဲ့ ကာကွယ်ရေး အတွက် အရေးပါယုံတင် မက နာဆာရဲ့ နေရောင်ခြည် စွမ်းအင်သုံး ဒုံးစက်ကို ပထမဆုံး လက်တွေ့ အသုံးပြုမယ့် ပျံသန်းမှုလဲ ဖြစ်တာကြောင့် အရေးပါတဲ့ စမ်းသပ် သုတေသန စီမံကိန်း တစ်ခု ဖြစ်ပါတယ်။

Reference: Double Asteroid Redirection Test (DART) Mission