ကမ္ဘာ့သံလိုက်စက်ကွင်း ပြောင်းပြန်ဖြစ်တော့မည်


ကမ္ဘာ့ သံလိုက် စက်ကွင်းဟာ အနှစ် ၂၀၀ အတွင်းမှာ ၁၅% အားနည်း လာတယ်လို့ သိပ္ပံ ပညာရှင် များက ဆိုပါတယ်။ ကမ္ဘာ့ သံလိုက် တောင်မြောက် ပြောင်လဲမဲ့ (flip) လက္ခဏာ ဖြစ်လေ မလားလို့ လည်းပြောလာ ကြ ပါတယ်။

ဒီလို သံလိုက်စက်ကွင်း တောင်မြောက် ပြောင်းသွားရင် ပထမဆုံး ကြုံတွေ့ရ မှာကတော့ သံလိုက်အိမ်မြောင်တွေ အားလုံး ပြောင်းပြန် ဖြစ်ကုန်မှာ ဖြစ်ပါတယ်။ သံလိုက်အိမ်မြောင်ရဲ့ မြောက်ကို ပြတဲ့ လက်တံက တောင်ဖက်ပြောင်းသွားပြီး တောင်ဖက်ပြတဲ့ လက်တံက မြောက်ဖက်ကို ပြောင်းသွား ပါလိမ့်မယ်။

Earth magnetic field

ကမ္ဘာ့ သံလိုက်စက်ကွင်းများ စီးဆင်းနေပုံ (Credit: NASA)

သိပ္ပံပညာရှင်တွေဟာ ဂြိုလ်တုတွေကို အသုံးချပြီး ကမ္ဘာ့ ဝင်ရိုးစွန်းတွေကို လေ့လာရာမှာ မြောက်ဝင်ရိုးစွန်းက သံလိုက်စက်ကွင်း တွေရဲ့ မတည်ညိမ်မှုကို တွေ့ ရှိခဲ့ပါတယ်။ ဒါဟာ မကြာမီ သံလိုက်စက်ကွင်း ပြောင်းပြန်ဖြစ် တော့မယ် ဆိုတာကို ညွန်ပြနေတဲ့ လက္ခဏာ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ကမ္ဘာပျက် ဝါဒီတွေကတော့ ဒါဟာ ကမ္ဘာကြီး ပျက်တော့မယ့် Dooms Day ဖြစ်တယ်လို့ ဆိုပါတယ်။ နာဆာ အာကာသ အေဂျင်ဆီ ကတော့ ဒါကို ငြင်းဆိုထားပါတယ်။ ဒီလို သံလိုက်စက်ကွင်း ပြောင်းပြန် ဖြစ်တာဟာ မကြာခဏ ပုံမှန် ဖြစ်ရိုးုဖြစ်စဉ် ဖြစ်လို့ ဘာမှ စိုးရိမ်စရာ မရှိဘူးလို့ သတင်းထုတ်ပြန် ထားပါတယ်။

နောက်ဆုံး သံလိုက်စက်ကွင်း ပြောင်းတာ လွန်ခဲ့တဲ့ နှစ် ၇၈၀ ၀၀၀ ခန့်ကဖြစ်လို့ အတော်တော့ ကြာခဲ့ပါပြီ။ ပုံမှန်ဆို နှစ် ၂၀၀ ၀၀၀ ကနေ ၃၀၀ ၀၀၀ ကို တကြိမ် ပြောင်းရမှာမို့ အတော်တော့ ရက်လွန်နေပြီလို့ ဆိုရမှာပါ။

ပညာရှင် အချို့ကတော့ ဖြစ်စဉ်ဟာ လုံးဝ အန္ဓရာယ် ကင်းမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီလိုပြောင်းလဲမှုဟာ နှစ် ၂၀၀၀ လောက် ကြာတတ်ပါတယ်။ ကောင်းတာကတော့ ကျွန်တော်တို့တွေ ပြင်ဆင်ချိန် အလုံအလောက် ရမှာပါ။

Geodynamo Between Reversals

ကမ္ဘာ့အတွင်းပိုင်းမှ သံလိုက်စက်ကွင်း စီးကြောင်းများကို သရုပ်ဖော် ထားပုံ (Credit: Wikipedia)

ဒါပေမယ့် သံလိုက် စက်ကွင်းဟာ နေက လာတဲ့ ကော့စမစ် (cosmic rays) ရောင်ခြည် ဒါဏ်ကို ကာကွယ် ပေးထားပါ တယ်။ ဒါ့ကြောင့် ဒီကာလ အတွင်းမှာ ကော့စမစ် ရောင်ခြည်ဒါဏ် ပိုမိုခံရနိုင်ဖွယ် ရှိပါတယ်။ ဒီဒါဏ်တွေကို ချက်ခြင်း ခံရမှာ မဟုတ်ပေမယ့် ရေရှည်မှာ ကင်ဆာလို ရောဂါတွေ ပိုမျာလာ နိုင်ပါတယ်။ ဒီလို ကာလမျိုးမှာ နေရောင်ခြည် တိုက်ရိုက် ထိတွေ့ မှုက ရှောင်ရှားဖို့ လိုပါတယ်။

သံလိုက်စက်ကွင်း ပြောင်းပြန်ဖြစ်တဲ့ ဖြစ်စဉ်ရဲ့ အကြိုးဆက် အသေးစိတ်ကိုတော့ ပညာရှင်တွေ အတိအကျ မခန့်မှန်း နိုင်သေးပါဘူး။ ဒါပေမယ့် အချို့ Dooms Day သမားတွေ ပြောနေသလိုတော့ ကမ္ဘာပျက်ပြီး လူသားတွေ မျိုးတုန်းသွားမှာ မဟုတ်ဘူးလို့ National Geographic မဂ္ဂဇင်းကြီးက ဆိုပါတယ်။

ကမ္ဘာ့သံလိုက်စက်ကွင်းက အာကာသ ကောစမစ် ရောင်ခြည်တွေဒါဏ်ကနေ ကာကွယ်ပေးပါတယ်

ကမ္ဘာ့သံလိုက်စက်ကွင်းက အာကာသ ကောစမစ် ရောင်ခြည်တွေဒါဏ်ကနေ ကာကွယ်ပေးပါတယ်

Reference:

(1) National Geographic | No, We’re Not All Doomed by Earth’s Magnetic Field Flip

(2) Metro | Earth’s magnetic poles ‘could be about to flip’ – and the signs are already here