နှစ် ၂၀၀၀ က အီဂျစ်မံမီ ကလေးငယ်၏ ရုပ်သွင်ကို ပညာရှင်များ ဖော်ထုတ်


လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ ကျော်က မြှုပ်နှံခဲ့တဲ့ မံမီ ရုပ်ကြွင်းရဲ့ သက်ရှိစဉ်က ရုပ်ပုံကို ပညာရှင် တွေက ကွန်ပြူတာ ဓါတ်မှန် (CT Scan) အသုံးပြုပြီး ပြန်လည် ပုံဖော်နိုင် ခဲ့ကြပါတယ်။

ဒီကလေးငယ်ရဲ့ မံမီရုပ်ကြွင်းကို ၁၈၈၀ ခုနှစ်က ဟာဝါရာ ပိရမစ် ကြီးရဲ့ အနီးက ရှေးဟောင်း သင်္ချိုင်း တစ်ခုကနေ တူးဖော် ရရှိ ခဲ့ကြတာ ဖြစ်ပါတယ်။

အခု ပုံဖော်မှုကို ဩစတြီးယား နဲ့ ဂျာမနီက သုတေသီ တွေက ပြုလုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ သုတေသန ရလဒ်ကို PLOS ONE သုတေသန ဂျာနယ်မှာ တင်ပြခဲ့ ကြတာ ဖြစ်ပါတယ်။

Egyptian boy’s facial reconstruction

ကလေးငယ်၏ မံမီအား ထည့်သွင်းထားသော ခေါင်းတလား (Credit: Nerlich AG, et al. PLOS One 2020)

ဒီ ကလေးငယ်ဟာ ဘီစီ ၅၀ နဲ့ အေဒီ ၁၀၀ ကြား ကာလက ရှေးဟောင်း အီဂျစ်ပြည်မှာ အသက်ရှင် နေထိုင်ခဲ့မယ်လို့ ယူဆ ကြပါတယ်။ ဒီကာလဟာ အီဂျစ်ပြည်ကို ဂရိ မင်းဆက်တွေနဲ့ ရောမ အင်ပိုင်ယာတို့က စိုးမိုး အုပ်ချုပ်ခဲ့တဲ့ ကာလလဲ ဖြစ်ပါတယ်။ 

(သမိုင်း သုတေသီ တွေက ဒီကာလကို Greco-Roman period လို့ သတ်မှတ် ထားပါတယ်။ ဒီ ဂရိ-ရောမ ကာလဟာ ဘီစီ ၃၃၂ ကနေ အေဒီ ၃၉၅ ထိ ကြာမြင့် ခဲ့ပါတယ်။)

Egyptian boy’s facial reconstruction

ကလေး၏ မံမီ ပုံတူ (Credit: Nerlich AG, et al. PLOS One 2020)

ဒီ ပုံကို ရရှိဖို့ ပထမဆုံး ကျန်ရစ်ခဲ့တဲ့ မံမီ ရုပ်ကြွင်းကို CT scan နဲ့ အသေးစိတ် ဓါတ်မှန် ရိုက် ခဲ့ပါတယ်။ နောက်ပြီး ကွယ်လွန်သူ ကလေးငယ်ရဲ့ ပုံတူ ပန်းချီကား “မံမီပုံတူ” က ပုံနဲ့လဲ တိုက်ဆိုင် စစ်ဆေး ခဲ့ကြပါတယ်။ 

မံမီ ပုံတူ ဆိုတာက ကွယ်လွန်သူ အသက်ရှင် စဉ်က ရှိခဲ့တဲ့ ပုံတူကို ရေးဆွဲ ထားတဲ့ ပုံတူ ပန်းချီကား ဖြစ်ပါတယ်။ ဒီ ပုံတူ ပန်းချီကားကို မံမီရုပ်ကြွင်း ရဲ့ မျက်နှာဖုံး အဖြစ် အုပ်ပြီး မြှုပ်နှံကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူကို မံမီပုံတူ (Mummy portrait) လို့ အမည်ပေး ထားတာ ဖြစ်ပါတယ်။

Egyptian boy’s facial reconstruction

CT ရိုက်ပြီး ရရှိသော 3D  အရိုးပေါ်မှာ အသားတွေကို အရင် ဖြည့်ရပါတယ် (Credit: Nerlich AG, et al. PLOS One 2020)

ဒီ ရရှိတဲ့ အချက်အလက် တွေကို အသုံးပြုပြီး ကွန်ပြူတာ အကူအညီနဲ့ 3D ပုံတူကို ပညာရှင် များက ပြန်လည် ဖန်တီး ယူခဲ့ ကြပါတယ်။

ရရှိတဲ့ 3D ပုံတူအရ ကလေးရဲ့ မံမီပုံတူ ပန်းချီကားဟာ သူ့ရဲ့ မျက်နှာပုံပန်းနဲ့ အတော်လေး နီးနီး စပ်စပ် တူညီတာကို တွေ့ကြရပါတယ်။ ဒါပေမယ့် ကလေးက အသက် ၃-၄ နှစ် လောက်ပဲ ရှိသေးပေမယ့် ပုံတူကတော့ ဒီထက် အသက် ပိုကြီးတဲ့ပုံ ပေါက်နေပါတယ်။

Egyptian boy’s facial reconstruction

နှာခေါင်းရိုးရဲ့ အရွယ်အစားကို ပြန်လည် တည်ဆောက်နေပုံ (Credit: Nerlich AG, et al. PLOS One 2020)

သူ့ရဲ့ ပုံတူမှာ အနည်းငယ် ပိုပြီး အသက်ကြီးတဲ့ ကလေးတွေမှာ တွေ့ရတတ်တဲ့ သွင်ပြင် လက္ခဏာ တွေကို ထည့်သွင်း ရေးဆွဲထားတယ်လို့ ဒီစာတမ်းမှာ တင်ပြ ထားပါတယ်။ ဒါကလဲ အဲ့သည်ခေတ်က ပြုလုပ်နေကျ ထုံးစံ တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်လို့ သုတေသီ တွေက မှန်းဆ ကြပါတယ်။

ဒီလို ပုံတူကို ပြန်လည် တည်ဆောက်ရာမှာ သင့်တော်တဲ့ မျက်နှာ အရေပြား အထူကို ရရှိနိုင်ဖို့ အသက် ၃ နှစ်နဲ့ ၈ နှစ်ကြား ခေတ်သစ် ကလေးငယ် တွေရဲ့ စံ အရေပြား အထူကို သုံးပြုခဲ့ ကြပါတယ်။

Egyptian boy’s facial reconstruction

ခေါင်းနှင့် မျက်နှာမှ အသားများ ပြန်ဖြည့်နေပုံ (Credit: Nerlich AG, et al. PLOS One 2020)

ဒီ ပြန်လည် တည်ဆောက်ထားတဲ့ ပုံတူရဲ့ အစိတ်အပိုင်း အများစုဟာ မံမီ ရုပ်ကြွင်းရဲ့ ဦးခေါင်းခွံနဲ့ သွားတွေကို အခြေခံပြီး ပြန်လည် တည်ဆောက် ထားကြတာ ဖြစ်ပါတယ်။

ကလေးရဲ့ အရေပြား အရောင်နဲ့ ဆံပင် အရောင် တွေကိုတော့ သူ့ ပုံတူက ဆေးသားကို အခြေခံပြီး ပြန်လည် တည်ဆောက်ခဲ့ ကြပါတယ်။

Egyptian boy’s facial reconstruction

အသား ဖြည့်အပြီး မြင်ရပုံ (Credit: Nerlich AG, et al. PLOS One 2020)

CT ကနေ တွေ့ရှိရတဲ့ နောက်တချက် ကတော့ ကလေးရဲ့ ဦးဏှောက်နဲ့ ဝမ်းတွင်း အင်္ဂါတွေကို ခွဲထုတ် ဖယ်ရှား ထားတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကလဲ​ ရှေး အီဂျစ်ခေတ် မံမီ ပြုလုပ်တဲ့ ထုံးတမ်း စဉ်လာ အရ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ကလေးရဲ့ အရိုး ဖွံဖြိုးမှုနဲ့ သွားတွေက နေပြီး သုတေသီ တွေဟာ ကလေးရဲ့ အသက်ကိုလဲ တွက်ချက် ခန့်မှန်း နိုင်ခဲ့ ကြပါတယ်။ နောက်ပြီး ကလေးဟာ နမိုးနီးယား အဆုတ်ရောင် ရောဂါနဲ့ ကွယ်လွန် ခဲ့တာ ဖြစ်မယ်လို့လဲ ယူဆ ကြပါတယ်။

Egyptian boy’s facial reconstruction

မျက်နှာ အရောင် သွင်းအပြီး (Credit: Nerlich AG, et al. PLOS One 2020)

Egyptian boy’s facial reconstruction

ဆံပင်များ တပ်ဆင်အပြီး (Credit: Nerlich AG, et al. PLOS One 2020)

ဒီ မံမီကို တူးဖော် ရရှိ ခဲ့တဲ့ ဟာဝါရာ ပိရမစ် အနီးက သင်္ချိုင်းဟာ အီဂျစ်နိုင်ငံရဲ့ မြို့တော် ကိုင်ရို မြို့ရဲ့ အနောက်တောင်ဖက် မှာ တည်ရှိ ပါတယ်။

 ယခုအခါ ဒီ မံမီရုပ်ကြွင်းကို ဂျာမနီ နိုင်ငံ မြူနစ် မြို့က အီဂျစ် အနုပညာ ပြတိုက် (Museum of Egyptian Art in Munich) ပြုသထား ပါတယ်။

Egyptian boy’s facial reconstruction

မူရင်း ဦခေါင်းခွံရိုးနှင့် ပြန်လည်တည်ဆောက်ပြီး ပုံ နှိုင်းယှဉ်ချက် (Credit: Nerlich AG, et al. PLOS One 2020)

Ref: Scientists reconstruct the face of an Egyptian boy from more than 2,000 years ago